top of page

စိတ်လှုပ်ရှားဖွယ်တောင်တန်းတွေအထပ်ထပ်နဲ့ ပလောင်တောင်အလည်ခရီး

Aug 16

1 min read

1

5

0



ကလောအနောက်ဖက်က ပလောင်ရွာတွေဖက်ကို ခဏလောက်အတူသွားကြည့်ရအောင်နော်။

[အများသူငါသွားနေကျနေရာများထက် ခွဲထွက်ရှာဖွေစူးစမ်းလိုသူများအတွက်ရည်ရွယ်ပါတယ်။ ဖတ်ရှုချိန် ၃ မိနစ်ခန့်။]

"Be a traveler, not a tourist."

ဒီခရီးကအရင်ကဆိုခက်ခက်ခဲခဲလမ်းလျှောက်သွားရပြီး အသွားအပြန်ဆိုရင် တနေ့ခရီးပါဘဲ။ အခုတော့ ကျောက်ချောခင်းလမ်းရှိနေပြီဆိုတော့ ကား၊ ဆိုင်ကယ်၊ စက်ဘီးနဲ့ နာရီပိုင်းနဲ့တင် အသွားအပြန်လုပ်နိုင်ပါပြီ။ ဒီလမ်းကနေဘဲ နာမည်ကျော်ပလောင်တောင် viewpoint ကိုပါ တခါတည်းလည်ပတ်နိုင်ပါသေးတယ်။

နှီးဘုရားကိုကျော်လိုက်တာနဲ့ စိမ်းညို့နေတဲ့ ထင်းရှုးတောကြီးကို ဖြတ်ပြီး ကွေ့ကာဝိုက်ကာနဲ့ လမ်းတဖက်မှာတော့ ရေအေးကန် ကာကွယ်တောကြီးရယ် တဖက်မှာတော့ မျက်စိတဆုံး တောင်တန်းအသွယ်သွယ်နဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းတို့က စိတ်ကိုချက်ခြင်းဆိုသလို ကြည်လင်သွားစေပါတယ်။

မကြာခင်မှာဘဲ သပ်ရပ်လှပတဲ့ ရွာသစ်လို့အမည်တွင်တဲ့ ပလောင်ရွာကြီးကို တောင်စောင်းမှာ လက်ဖက်ခင်းတွေကို ဖြတ်ပြီးတွေ့ရပါတယ်။ ရွာရဲ့အနောက်ခံကတော့ ရွှေမင်းဖုန်းစေတီနဲ့ နောက်ထပ် ပလောင်ရွာဖြစ်တဲ့ ညောင်ကုန်းရွာ တစိတ်တပိုင်းကို ခပ်ပြပြလေးမြင်းနေရပါတယ်။ ခြေကျင်ခရီးကြမ်းလျှောက်တဲ့သူတွေကတော့ ရွာသစ်ကို ဆင်းပြီး ရွာထဲကဖြတ်ပြီး အိမ်တွေလည်ပတ်၊ လူမျိုးဓလေ့ထုံးတမ်းတွေကိုလေ့လာ၊ ဘုန်းကြီးကျောင်းကိုလည်ပြီး လျိုထဲကိုပြန်ဆင်းပြီး နောက်ထပ်ပလောင်ရွာဖြစ်တဲ့ တာရောကိုဆက်လည်ပတ်လေ့ရှိပါတယ်။ အရင်တုန်းက ဒီရွာမှာ ရှေးပလောင်တို့ရဲ့နေထိုင်မှုပုံစီဖြစ်တဲ့ အိမ်ရှည် (long house)တွေရှိခဲ့ဖူးပါတယ်။ ဒီကနေမှ ဟိုးတောင်ထိပ်မှာရှိနေတဲ့ ကိုမိုတေးတို့တဲ (ယခု viewpoint) ကိုအဆုတ်ကွဲလောက်အောင် ပေထောင်ချီပြီး ပြန်တက်ရပါတယ်။ မတက်နိုင်ရင်လဲ နေ့လည်စာငတ်မယ်မဟုတ်လား။

မိုးတွင်းကာလမှာ ပလောင်တောင်ဖက်ကိုလည်ပတ်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ မြင့်မားမတ်စောက်တဲ့ တောင်တွေပေါ်မှာစိုက်ထားတဲ့ လက်ဖက်၊ လိမ္မော်၊ ပိန္ဒဲ နဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို လေ့လာမိတဲ့အခါ ပလောင်လူမျိုးတို့ရဲ့ ပင်ပန်းစွာလုပ်ကိုင်စားသောက်ရတာကို စာနာမိသလို တန်းဖိုးလည်းပိုပြီးထားလာမိပါတယ်။

ပြန်ခါနီး ပလောင်တောင် Viewpoint ကို ဝင်ခဲ့ပေမယ့် တိမ်တွေအရမ်းပိတ်လာပြီး ညနေလည်းစောင်းလာပြီးမို့ ကလောကို ပြန်လာခဲ့ပါတော့တယ်။

ချစ်ခြင်းအားဖြင့်။

Hazondale Retreats



Aug 16

1 min read

1

5

0

Comments

Share Your ThoughtsBe the first to write a comment.
bottom of page