တိမ်မြုပ်နေသောကလောမြို့ဝန်းကျင်ကပတ္တမြားရတနာမြင်းဒိုက်ရွာ
Aug 24
1 min read
1
5
0
ဒီတပတ်တော့ ကလောမြို့ရဲ့တောင်ပိုင်းကို ခဏအလည် လိုက်ခဲ့ပေးပါအုန်းနော်။
အများသူငါသွားနေကျနေရာများထက် ခွဲထွက်ရှာဖွေစူးစမ်းလိုသူများအတွက်ရည်ရွယ်ပါတယ်။
Be a traveler, not a tourist.
ကလောဆိုတာ ပြည်တွင်းခရီးသွားတွေကြား ခေတ်မစားခင်ထဲက နိုင်ငံတကာက ဧည့်သည်တွေကြားမှာ အသစ်သစ်တွေကိုမှစွန့်စားရှာဖွေလိုသူတွေ၊ တိုင်းရင်းသားတို့ရဲ့လူနေမှုနဲ့ သဘာဝအလှအပတွေကို မြတ်နိုးသူ ခရီးသွားများအတွက် မဆုံးနိုင်တဲ့ အခွင့်အလမ်းတွေပြည့်နေတဲ့ ဒေသတခုပါ။
အများသူငါလည်ပတ်နေတဲ့ ရိုးအီနေတဲ့ beaten track လို့ခေါ်တဲ့ လမ်းဟောင်းကြီးကနေခွဲထွက်ပြီး မတူညီတဲ့ အတွေ့အကြုံသစ်တွေအတွက် ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်စေချင်ပါတယ်။ ဒီအတွက် နောင်တရစရာမရှိတဲ့အပြင် တကယ်ဘဲဘဝမှာ မြတ်မြတ်နိုးနိုးနဲ့ အမှတ်ရစရာတွေ ကျန်ရှိနေပါလိမ့်မယ်။
တောင်တန်းတွေထူထပ်ကြမ်းတမ်းတဲ့ ကလောဒေသမှာဆန်စပါးစိုက်ပျိုးဖို့ လှေကားထစ်စိုက်ပျိုးနည်းကို အသုံးချရပါတယ်။ ဒီလိုမိုးဉီးရာသီမှာ လှေကားထစ်စိုက်ခင်းတွေကိုလေ့လာဖို့ ကလောမြို့တောင်ပိုင်းမှာရှိတဲ့ နန့်သဲ၊ မြင်စိုင်းကုန်းနဲ့ မြင်းဒိုက်ရွာတွေဖက်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။
မနက်စောစော မိုင်းလုံးတောင်ခြေလမ်းအတိုင်း Nanthe’ Café Garden ကိုကျော်လိုက်တာနဲ့ စည်ကားနေတဲ့ နန့်သဲရွာထဲကိုရောက်လာပါတယ်။ အခုတော့အိမ်ယာစီမံကိန်ုးတွေ၊ ဟိုတယ်တွေနဲ့ နန့်သဲရဲ့မနက်ခင်းကလှုပ်ရှားနေပါတယ်။ ရွာလေးကိုကျော်တာနဲ့ တောင်ကြားတွေထဲမှာ ဟိုတကွက်ဒီတကွက်နဲ့ စိမ်းစိုနေတဲ့ စပါးခင်းတွေတွေ့နေပါပြီ။ မြင်မြင်သမျှရှုခင်းတွေက လှလွန်းလို့မကြာခဏရပ်ပြီးငေးလိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့ပေါ့။ နန့်သဲကျော်တာနဲ့ ကွေ့ဝိုက်ပြီးတက်လာတဲ့လမ်းလေးက ဘေးဘက်က ရေအေးကန် ကာကွယ်တောကြီးနားကနေကပ်ပြီးသွားတာမို့ နက်မှောင်အေးစိမ့်နေပြီး၊ လမ်းတဖက်မှာတော့ ထူးထူးခြားခြား မြေသားနဲ့ဆောက်ထားတဲ့ (mud house) အိမ်လှလှလေးတချို့ကိုတွေ့ရပါတယ်။ မြင်စိုင်းကုန်းရွာထဲကိုမရောက်ခင်အထိ လမ်းတလျှောက်လုံး လှေကားထစ်စိုက်ခင်းတွေနဲ့ မိုးရွာရွာနေပူပူ ကြိုးစားစိုက်ပျိုးနေကြတဲ့ တိုင်းရင်းသားတို့ရဲ့လုပ်ငန်းခွင်ကိုလှပတဲ့ရှုခင်းတွေနဲ့အတူ လေ့လာခဲ့ရပါတယ်။ မြင်စိုင်းကုန်းက မြင်းဒိုက်နဲ့ကပ်ရပ်ရှိနေပြီး စတိုးဆိုင်ကြီးကြီးတွေ၊ သစ်တော်ခြံကျယ်ကြီးတွေနဲ့ စိုက်ပျိုးရးကို အဓိကအသက်မွေးတဲ့ရွာကြီးပေါ့။
မြင်းဒိုက်က ဘူတာရုံရှိတဲ့ရွာလေးဖြစ်ပြီး ကလောအလွန်တဘူတာ သို့ ကလောအလိုတဘူတာပေါ့။ ဒီဘူတာက ရွာရဲ့လည်ပတ်ဖို့အချက်အခြာဖြစ်ပြီး ကိုလိုနီခတ်ကျန် အဆောက်အဦးနဲ့ မီးရထားနဲ့ဆိုင်တဲ့ သမိုင်းတွင် ပစ္စည်းတွေက အတိတ်ကာလကို တွေးဆစေပါလိမ့်မယ်။
ဘူတာနဲ့ကပ်လျှက်ရှိနေတဲ့ လက်ဖက်ရည်ဆိုင်လေးကတော့ မြင်းဒိုက်ရဲ့ မမေ့နိုင်စရာဆိုင်တခုထက်ပိုပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက trekking trip သွားရင် နေ့လည်စာအမြဲစားခဲ့တဲ့ဆိုင်ပါဘဲ။ ဒါပေမယ့် အရင်လူတွေမဟုတ်တော့ပါဘူး။ ကလောမှာကတည်းက အီကြာကွေးအရမ်းကောင်းတယ်လို့ကြားဖူးပေမယ့် ရောက်သွားတဲ့အခါတော့ ကုန်သွားပါပြီ။ ဗိုက်ကလည်းဆာနေပြီဆိုတော့ မကြိုက်ပေမယ့် ရနိုင်တယ့် ချာပါတီနဲ့လက်ဖက်ရည်ဘဲမှာလိုက်ပါတယ်။ တိုတိုပြောရရင် တသက်စားဖူးတဲ့ ချာပါတီထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒါအပြင် လက်ဖက်ရည်က ထူးခြားတဲ့ နှပ်ရည်အနံ့မွေးမွေးလေးနဲ့ ကလောအပြန်လမ်းအထိ လျှာထဲမှာစွဲပြီးပြန်လာခဲ့ရပါတယ်။ ဆိုင်အပြင်အဆင်က ပန်းတွေအစုံနဲ့မို့ စိတ်ကို လန်းဆန်းစေပြီး၊ စာအုပ်နှစ်သက်သူတွေအတွက် စာဖတ်ဖို့ စာကြည့်စားပွဲလေးပါထားပေးထားတာ ထူးခြားပါတယ်။ အချိန်ရရင် မြင်းဒိုက်ကနေ မိနစ်ပိုင်းလောက်ဘဲ ဆက်သွားရင် ရွာပုဖက်က နောက်ထပ်အလှတရားတွေပါခံစားနိုင်ပါသေးတယ်။
ကလောကနေ လွယ်လွယ်ကူကူနဲ့ အများနဲ့မတူ သဘာဝအလှအပတွေကို နေ့တဝက်သို့ နာရီပိုင်းနဲ့တင်ခံစားချင်ရင်တော့ ဒီခရီးတိုလေးကို တိုက်တွန်းလိုက်ပါတယ်။
ချစ်ခြင်းအားဖြင့်။
Hazondale Retreats
Standout from the crowd. Be different. Experience awesomeness.